ပီအက်စ်ဂျီ ကတော့ အန်ဖီးလ်ကွင်းမှာ လစ်ဗာပူးလ်ကို ထပ်မံ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘေယန်မြူးနစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
အူစမန်နီ ဒမ်ဘီလီရဲ့ သွင်းဂိုး ၂ ဂိုးက ပီအက်စ်ဂျီကို ၂-၀ နဲ့ အနိုင်ရစေခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပထမအကျော့က ပီအက်စ်ဂျီရဲ့ ၂-၀နဲ့ အသာစီးရနေမှုကို ပြန်လည် ကျော်ဖြတ်ဖို့ ခက်ခဲမယ် ဆိုတာ သိရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်မှာ ဒမ်ဘီလီရဲ့ ပြောင်မြောက်တဲ့ အဆုံးသတ်မှု နှစ်ကြိမ်ကြောင့် ဥရောပ ချန်ပီယံတို့ စုစုပေါင်း ရလဒ် ၄-၀ နဲ့ အနိုင်ရသွားခဲ့ခြင်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲအစပိုင်းမှာ ခါဗစ်ချာ ခါဗရာစခီလီယာရဲ့ ကန်ချက်ကို ဂျော်ဂျီယာ အသင်းဖော် ဂိုးသမား မာမာဒက်ရှ်ဗီလီ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သလို၊ အလက်ဇန္တား အိဆက်ခ်ရဲ့ ခေါင်းတိုက်ချက် ကိုလည်း ပီအက်စ်ဂျီ ဂိုးသမား ဆာဖိုနော့ဗ် ဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် မာမာဒက်ရှ်ဗီလီဟာ အူစမန်နီ ဒမ်ဘီလီရဲ့ အပိုင် ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာ ဟူဂို အစ်ကီတီကေး ဒဏ်ရာရသွားတာကြောင့် အာနေး ဆလော့တ်က မိုဟာမက် ဆာလာနဲ့ လူစားလဲခဲ့ပါတယ်။ ဆာလာဟာ ချက်ချင်းဆိုသလို အစွမ်းပြခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် မီလော့စ် ကာကက်ဇ် ဂိုးကန်သွင်းခဲ့ပေမယ့်လည်း ဆာဖိုနော့ဗ်က လက်စွမ်းပြ ကာကွယ်ခဲ့ကာ ဗန်ဒိုက်ခ်ရဲ့ အပိုင်ကန်ချက် ကိုလည်း မာကွင်ညော့စ်က ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လစ်ဗာပူးလ်တို့ ဆက်တိုက် ဖိအားပေးခဲ့ပေမယ့်လည်း ဆာလာရဲ့ ဖန်တီးမှုက တဆင့် ကာကက်ဇ်ရဲ့ ကန်ချက်က ဂိုးဘေး ကနေ ကပ်ထွက်သွားခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ ဝီလီယံ ပါချိုရဲ့ ဖျက်ထုတ်မှုကြောင့် အလက်ဆစ် မက်အယ်လစ္စတာ လဲကျသွားမှုကို ဒိုင်လူကြီးက ကနဦးမှာ ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း VAR စစ်ဆေးပြီးနောက် ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။
အဲဒီနောက် လူစားဝင် ကစားသမား ရီယို အမ်ဂူမိုဟာရဲ့ အားပါတဲ့ ကန်ချက်ကို ဆာဖိုနော့ဗ်က ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ် မှာတော့ ဒမ်ဘီလီက ဂိုးဧရိယာ ထိပ်ကနေ လှလှပပပ ကန်သွင်းကာ ပီအက်စ်ဂျီကို ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ချေပဂိုး ရဖို့ ကြိုးပမ်းနေစဉ်မှာပဲ ဒုတိယပိုင်း နာကျင် အချိန်ပို ၁ မိနစ်မှာ ဘာကိုလာရဲ့ ဖန်တီးပေးမှုက တဆင့် ဒမ်ဘီလီက ဒုတိယဂိုးကို ထပ်မံ သွင်းယူခဲ့သည်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အူစမန်နီ ဒမ်ဘီလီဟာ ချန်ပီယံလိဂ် တစ်ပွဲထဲမှာ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်မှု ၃ ကြိမ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ရာသီ အတွင်း ပီအက်စ်ဂျီ အတွက် သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ်မှာ အင်္ဂလန် ကလပ်တွေနဲ့ အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုး (၄ ဂိုး သွင်း၊ ၁ ဂိုး ဖန်တီး) အထိ ပါဝင်ပတ်သက်ထားပါတယ်။ မနှစ်က ဘယ်လွန်ဒေါဆုရှင်ဟာ ပွဲအတွင်း ကန်ချက် ၆ ကြိမ်နဲ့ အသင်း အတွင်း အများဆုံး ဖြစ်ခဲ့ပြီး လစ်ဗာပူးလ် ဂိုးဧရိယာ အတွင်း ဘောလုံးထိတွေ့မှု ၈ ကြိမ်နဲ့ အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂက်ခ်ပို၊ ဗစ်ဇ်၊ အိဆက်ခ်နဲ့ ဆာလာတို့ ၄ ဦးပေါင်းမှ ကန်ချက် ၄ ကြိမ်သာ ရှိခဲ့ချိန်မှာ လူငယ်ကစားသမား အမ်ဂူမိုဟာ တစ်ဦးတည်းက လူစားဝင်ချိန် အတွင်း ၃ ကြိမ် အထိ ကန်သွင်းနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဘာစီလိုနာနဲ့ အတ္တလန္တာတို့ ပြီးရင် လစ်ဗာပူးလ်ကို ချန်ပီယံလိဂ်မှာ အဝေးကွင်း ၂ ပွဲ ဆက်တိုက် အနိုင်ရတဲ့ တတိယမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နှစ်ရာသီ ဆက်တိုက် အန်ဖီးလ်မှာ အနိုင်ရတဲ့ ပထမဆုံး အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာာ လစ်ဗာပူးလ်က ကန်ချက် ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးရရှိနိုင်ခြေ (xG) ၁.၉၂ အထိ ရှိခဲ့ပေမယ့်လည်း ဂိုးမရခဲ့ပါဘူး။ ပီအက်စ်ဂျီ ကတော့ ကန်ချက် ၁၂ ကြိမ်သာ ရှိခဲ့ပြီး (xG) ၁.၂၅ သာ ရှိခဲ့ပေမယ့်လည်း ၂ ဂိုး အထိ သွင်းယူကာ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


