ဟိုဆေး မော်ရင်ညို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဆီ အံ့အားသင့်ဖွယ် တစ်ကျော့ပြန် ပြန်လည် ရောက်ရှိဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့ပေမယ့်လည်း ဒီအချိန်မှာ ဘင်ဖီကာ ကတော့ သူတို့ရဲ့ နည်းပြချုပ်ကို လက်လွှတ်ဖို့ ဆန္ဒ မရှိ ဖြစ်နေပါတယ်။ ဟိုဆေး မော်ရင်ညို ကတော့ သူ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည် ရောက်ရှိနိုင်တယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ဘင်ဖီကာ ဘက်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတယ်လို့ ပြောကြားလိုက်တာပါ။
လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ အဲလ်ဗာရို အာဘီလိုအာဟာ ဇာဘီ အလွန်ဆိုရဲ့ ရာထူးကို ဆက်ခံခဲ့ပြီးနောက် ဒီရာသီမှာ အသင်း အတွက် ဘာဖလားမှ ရယူပေးနိုင်ခြင်း မရှိတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တဖက်မှာလည်း သူ့ နေရာမှာ အစားထိုးဖို့ အတွက် မော်ရင်ဟိုကို ဘာနေဗျူးဆီ ပြန်လည် ခေါ်ယူဖို့ သတင်းတွေ ကြီးနေခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြကြီး မော်ရင်ညိုဟာ ၂၀၁၀ မေလ ကနေ ၂၀၁၃ ဇွန်လ အထိ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီကာလ အတွင်း မော်ရင်ညိုက လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့ကို ရယူပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်လို ဥရောပ အောင်မြင်မှု ကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ လာလီဂါ ၁၁၄ ပွဲမှာ ၈၇ ပွဲ အထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ် (၁၆ ပွဲသရေ၊ ၁၁ ပွဲရှုံး)။ တစ်ပွဲပျမ်းမျှ ရမှတ် ၂.၄ မှတ်အထိ ရရှိခဲ့ကာ အဆိုပါ ပွဲစဉ်တွေ အတွင်း အသင်းက သွင်းဂိုး ၃၂၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့လက်ထက်မှာ ရီးရဲလ်မက်ဒရစ်က လာလီဂါမှာ စံချိန်တင် ရမှတ် ၁၀၀ နဲ့ ဗိုလ်စွဲခဲ့ဖူးပါသေးတယ်။

မော်ရင်ညိုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ ဘင်ဖီကာ အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တာပါ။ လက်ရှိ မှာတော့ သူဟာ အသင်းကို ရာသီပိတ်ဖို့ တစ်ပွဲအလို အထိ ပေါ်တူဂီ ပရီးမီးယားလိဂ်မှာ (၂၂ ပွဲနိုင်၊ ၁၁ ပွဲသရေ) နဲ့ ရှုံးပွဲ မရှိ စံချိန်တင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ဒါပေမယ့်လည်း ဘင်ဖီကာက ချန်ပီယံလိဂ် ဝင်ခွင့်နဲ့တော့ လွဲချော်ဖို့ များနေခဲ့ပါတယ်။
အသက် ၆၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နည်းပြကြီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်တဲ့ သတင်းတွေ အပေါ် မှတ်ချက်ပေးဖို့ ရှောင်လွှဲခဲ့ပေမယ့် ဘင်ဖီကာ ဘက်က စာချုပ်သစ် ကမ်းလှမ်းထားတာ ရှိကြောင်း ကိုတော့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူက လက်ရှိ အချိန်မှာ ဒီကနေ့ အက်စတိုရီလ် နဲ့ ကစားရမယ့် ပွဲစဉ် အပေါ် မှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဘင်ဖီကာ အသင်း ဆီကနေ ကမ်းလှမ်းမှု တစ်ခု ရရှိခဲ့ပါတယ်။ သူတို့က အဲဒီကမ်းလှမ်းမှုကို ကျွန်တော့် အေးဂျင့်ဆီ ပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် အဲဒါကို မကြည့်ချင်သေးဘူး၊ မသိချင်သေးသလို မသုံးသပ်ချင်သေးပါဘူး။ တနင်္ဂနွေနေ့ကျမှပဲ ကျွန်တော် အဲဒါကို စဉ်းစားမှာပါ။” လို့ မော်ရင်ညိုက ဆိုပါတယ်။
ဆက်လက်ပြီး “ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုလား။ မဟုတ်ပါဘူး၊ ကျွန်တော့် အေးဂျင့်က ဘင်ဖီကာနဲ့ တွေ့ဆုံခဲ့ပြီး ‘ကျွန်တော့်ဆီမှာ ခင်ဗျားဆီ ပို့ပေးမယ့် တရားဝင် ကမ်းလှမ်းမှု တစ်ခု ရှိတယ်’ လို့ ပြောခဲ့တာပါ။ အဲဒီတော့ ကျွန်တော်က ‘မလိုသေးဘူး၊ တနင်္ဂနွေနေ့ကျမှပဲ ကျွန်တော့်ဆီ ပို့ပေးပါ’ လို့ ပြောလိုက်တယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်လို့ ကတော့ သူတို့ ကျွန်တော့်ကို ဘာမှ တိုက်ရိုက် လာပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ လာပြောရင်လည်း ကျွန်တော်က ဒီအဖြေအတိုင်းပဲ ပေးမှာပါ။ ကျွန်တော် ဒီအကြောင်းတွေကို တနင်္ဂနွေနေ့ကျမှပဲ စပြီး စဉ်းစားပါတော့မယ်။” လို့ မော်ရင်ညိုက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


