ကီဗင် ဒီဘရွန်းနား အနေနဲ့ နာပိုလီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ပထမဆုံး ရာသီကို ဖြတ်သန်းခဲ့ရပေမယ့် နည်းပြ အန်တိုနီယို ကွန်တ် အသင်း ကနေ ထွက်ခွာသွားခဲ့တဲ့ အပေါ် မှာတော့ ကျေနပ်နေပါတယ်။ ၂၀၂၅-၂၀၂၆ စီးရီးအေ ရာသီ အကုန်မှာ အန်တိုနီယို ကွန်တီ နာပိုလီ ကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း ဒီဘရွန်းနားက ကွန်တီ ထွက်သွားတာကို မြင်တွေ့ရလို့ ဝမ်းသာမိကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
ဒီဘရွန်းနားဟာ ပြီးခဲ့တဲ့နှစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ နာပိုလီ အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အီတလီမြေမှာ အစပိုင်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း မှာတော့ ဒဏ်ရာကြောင့် ရာသီဝက် နီးပါး ပွဲစဉ် အများအပြားကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင်ဟာ ရာသီပိတ်ခါနီး ပွဲစဉ်တွေမှာ အသင်း အတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ (၅ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဘရွန်းနားဟာ အသင်း အတွက် ဂိုးသွင်းခွင့် ဖန်တီးမှု အကြိမ် ၄၀ အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ နာပိုလီ အသင်း စီးရီးအေမှာ ဒုတိယနေရာနဲ့ ရာသီပိတ်နိုင်အောင် ကူညီပေးခဲ့တဲ့ သူ့ရဲ့ အသင်းဖော် မက်တီယို ပိုလီတာနို (၅၁ ကြိမ်) ပြီးရင် ဒုတိယ အများဆုံးလည်း ဖြစ်ပါတယ်။
နာပိုလီကို စီးရီးအေ ချန်ပီယံဆု ရအောင် စွမ်းဆောင်ပေးခဲ့ပြီး တစ်နှစ်အကြာမှာ ကွန်တီ တစ်ယောက် နှုတ်ထွက်သွားခဲ့တာ ဖြစ်ပြီး၊ ဒီဘရွန်းနား ကတော့ သူ့ရဲ့ နည်းပြဟောင်း အပေါ် ဝေဖန် ပြစ်တင်ဖို့ ဝန်မလေးခဲ့ပါဘူး။ ဘယ်လ်ဂျီယံ သတင်းစာ Het Nieuwsblad နဲ့ အင်တာဗျူးမှာ ဒီဘရွန်းနားက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကွန်တီရဲ့ ဘောလုံးအမြင်က ကျွန်တော့် အမြင်နဲ့ လုံးဝကို ကွဲပြားခြားနားလွန်းလို့ ကျွန်တော့် အတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အနှစ်သက်ဆုံး နေရာမှာ ကစားခွင့်ကို တစ်ခါမှ မရခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အသင်း အတွက် အမြဲတမ်း အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်။”
“ကျွန်တော်တို့ အသင်းက အရမ်းကို ခံစစ်ပိတ်ဆော့တဲ့ ပုံစံမျိုး ကစားခဲ့တာပါ။ ၄-၅-၁ ကစားကွက်နဲ့ ပွဲတိုင်းကို တစ်ဂိုးအသာနဲ့ နိုင်အောင် ကစားမယ် ဆိုရင်တော့ ဒါဟာ ဘယ်လို ဘောလုံး စတိုင်လ်မျိုး ဖြစ်မလဲဆိုတာ သိကြမှာပါ။ ရာသီအစပိုင်းမှာ ဆိုရင် ကျွန်တော်တို့ ခံစစ်ကို ဒီထက်မက ပိုပြီး ပိတ်ဆော့ခဲ့ကြပါသေးတယ်။”
“ကျွန်တော် တို့ရဲ့ တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုက်ဂျ်လန်းတောင် လိဂ်ဂိုး ၁၂ ဂိုးပဲ သွင်းနိုင်ခဲ့တယ် ဆိုတော့ အသင်းရဲ့ အချက်အလက် စာရင်းဇယားတွေ ဘယ်လောက် အထိ ဆိုးရွားမလဲ ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ကျွန်တော့် အတွက် ကတော့ ဟုတ်ပါတယ်၊ ကွန်တီ ထွက်သွားလို့ ဝမ်းသာပါတယ်။ ကျွန်တော့် အမြင်အရတော့ သူ အသင်းမှာ ဆက်ရှိနေဖို့ မလိုပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော်တို့ ဘယ်လို ပုံစံမျိုးနဲ့ ကစားကြမယ် ဆိုပြီး ကတိကဝတ်တွေ အများကြီး ပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ ဘာတစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။”
“အဲဒါကိုတော့ ကျွန်တော် တကယ် စိတ်ပျက်မိပါတယ်။ ဘောလုံး ဆိုတာ ပျော်စရာကောင်းဖို့ လိုအပ်ပေမယ့် စိတ်မကောင်းစရာက ကျွန်တော့် အတွက် အဲဒီလို ပျော်ရွှင်စရာမျိုး မရှိခဲ့ပါဘူး။ စကားတွေကို လှည့်ပတ် ပြောမနေချင်ပါဘူး၊ ကျွန်တော်တို့ နှစ်ယောက်ကြား ဘောလုံး အပေါ်ထားတဲ့ အမြင်ချင်းက လုံးဝ မတူပါဘူး။ ကွန်တီရဲ့ လက်အောက်မှာ ကျွန်တော် ကြိုက်တဲ့ နေရာမှာ ဘယ်တုန်းကမှ မကစားခဲ့ရပါဘူး။” လို့ ဒီဘရွန်းနားက ဆိုပါတယ်။
တစ်ဖက် မှာလည်း ပြီးခဲ့တဲ့ တပတ်ကတင် အေစီမီလန် ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မက်ဆီမီလီယာနို အယ်လီဂရီဟာ နာပိုလီရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။ ဒါပေမယ့် ဒီဘရွန်းနား ကတော့ အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သေချာရေရာမှု မရှိသေးကြောင်း ထပ်မံ ဖွင့်ဟလာခဲ့ပါတယ်။ “ကျွန်တော့်မှာ စာချုပ်သက်တမ်း ၁ နှစ် ကျန်သေးတယ် ဆိုပေမယ့် ဒီအကြောင်းကို သေချာ ဆွေးနွေးချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်း ကလည်း ကျွန်တော်တို့ ဘယ်လို ကစားမလဲ၊ ဘာတွေလုပ်မလဲ ဆိုတာ အများကြီး ပြောခဲ့ကြပေမယ့် တကယ်တမ်း ဘာမှဖြစ်မလာခဲ့ဘူးလေ။” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


