ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ဂန္တဝင် စတီဗင် ဂျရတ် ကတော့ အာနေး ဆလော့တ်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် စတီဗင် ဂျရတ်က အန်ဖီးလ်ကွင်းဆီ အန်ဒိုနီ အိုင်ရာအိုလာ ရောက်ရှိလာမယ့် အလားအလာ ကိုလည်း သဘောကျနေပါတယ်။
အာနေး ဆလော့တ်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ လစ်ဗာပူးလ်ရဲ့ ဆုံးဖြတ်ချက် အပေါ် စတီဗင် ဂျရတ် အနေနဲ့ အံ့သြခြင်း မရှိပေမယ့်လည်း၊ အဆိုပါ ဒတ်ချ် လူမျိုး မန်နေဂျာ အတွက်တော့ “စိတ်မကောင်းဖြစ်ရတယ်” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ယာဂန် ကလော့ပ်ရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက် စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိတဲ့ ဒုတိယမြောက် ရာသီ အပြီး၊ ဆလော့တ်နဲ့ လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်း လစ်ဗာပူးလ်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။ တကယ်တော့ ဆလော့တ်ဟာ အန်ဖီးလ်မှာ နှစ်နှစ်သာ တာဝန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဆလော့က ၂၀၂၄-၂၀၂၅ ရာသီက သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ရာသီမှာတင် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပဉ္စမမြောက်မြောက် မန်နေဂျာ ဖြစ်ခဲ့ပြီး၊ လစ်ဗာပူးလ် အနေဖြင့် ဒီရာသီ မှာလည်း ချန်ပီယံဆုကို ဆက်လက် စိန်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ် အပါအဝင် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ကစားသမားသစ်များ ခေါ်ယူခဲ့ပေမယ့်လည်း လစ်ဗာပူးလ်ဟာ အဆင့် ၅ နေရာနဲ့ သာ ရာသီသိမ်းနိုင်ခဲ့ပြီး ရာသီပိတ်ရက် နောက်ဆုံးပွဲ ကျမှသာ ချန်ပီယံလိဂ် ဝင်ခွင့်ကို အရယူနိုင်ခဲ့တာပါ။
လစ်ဗာပူးလ်ဟာ ၂၀၂၅-၂၀၂၆ ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ၁၉ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ပရီးမီးယားလိဂ်ဆီ တန်းတက်လာခဲ့ပြီး နောက်ပိုင်း လစ်ဗာပူးလ် အသင်း သမိုင်းတွင် ၁၉၉၂-၉၃ ရာသီ (၂၀ ပွဲရှုံး) ကလွဲလို့ အခုထက် ပိုမိုရှုံးနိမ့်ခဲ့တဲ့ ရာသီ မရှိခဲ့ဖူးပါဘူး။ လစ်ဗာပူးလ်ဟာ ၂၀၀၄-၀၅ နဲ့ ၂၀၀၉-၁၀ ရာသီတွေ မှာလည်း ၁၉ ပွဲစီ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဂျရတ်က အသင်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်းနဲ့ ဆလော့တ်ဟာ လစ်ဗာပူးလ် သမိုင်းမှာ ကျန်ရစ်နေမှာ ဖြစ်ပေမယ့်လည်း သူကိုင်တွယ်ခဲ့တဲ့ အသင်းရဲ့ ကစားဟန်က ကြည့်ရဆိုးလာခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “မအံ့သြပါဘူး။ အာနေး ဆလော့တ် အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူ ပထမဆုံးနှစ်မှာ မယုံနိုင်စရာကောင်းလောက်အောင် အလုပ်အကျွေးပြုခဲ့လို့ပါပဲ” လို့ ဂျရတ်က TNT Sports ကို ပြောကြားခဲ့ပါတယ်။
“ယာဂန် ကလော့ပ် ဆီကနေ အသင်းကို လွှဲပြောင်းရယူရတာဟာ တကယ့်ကို ခက်ခဲတဲ့ အလုပ် ဖြစ်ပြီး ဖိအားတွေ အများကြီး ရှိခဲ့တာပါ။ ဒါပေမဲ့ သူကတော့ အချောသတ် လွှဲပြောင်းနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါကို အခြားလူတွေထက် ကျွန်တော် ပိုသိတာပေါ့။ ဒါကြောင့် သူပထမနှစ်မှာတင် ချန်ပီယံဆု ယူပေးခဲ့တာကို မေ့ပစ်လို့ မရပါဘူး။ သူဟာ အသင်းရဲ့ သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင်ကျန်ရစ်နေမှာ ဖြစ်ပြီး ထာဝရ အမှတ်ရနေမှာပါ။”
“ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီရဲ့ နောက်ဆုံး ၁၀ ပွဲနဲ့ ဒီရာသီရဲ့ ပွဲအများစုမှာ ကျွန်တော်တို့ အသင်းဟာ လစ်ဗာပူးလ်နဲ့ မတူတော့ပါဘူး။ ကစားကွက် ပုံစံက တချို့အချိန်တွေမှာ ကြည့်ရတာ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။”

“အသင်းက ဟန်ချက်ပျက်ပြီး ပြိုကွဲနေသလိုပါပဲ။ ဒီသတင်းကို ကြားရတဲ့အချိန်မှာ ပထမဆုံး တုံ့ပြန်မှု ကတော့ အံ့သြတုန်လှုပ်မိတာပေါ့။ ဒါပေမယ့် သေချာ ဆန်းစစ်ကြည့်တဲ့အခါ မှာတော့ ဒါဟာ လမ်းခွဲဖို့ အချိန်မှန်ပဲလို့ ကျွန်တော့် အမြင်အရ ထင်ပါတယ်။” လို့ ဂျရတ်က ဆိုပါတယ်။
လစ်ဗာပူးလ် အသင်းရဲ့ အဓိက ကစားသမား မိုဟာမက် ဆာလာ ကလည်း ဆလော့တ် လက်ထက် ကစားကွက် ပုံစံကို ဝေဖန်ခဲ့ပြီး၊ ကလော့ပ် ကိုင်တွယ်ခဲ့သည့် ကိုးနှစ်တာ ကာလ အတွင်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဟဲဗီးမက်တဲလ် ဘောလုံးကစားဟန်မျိုး (အရှိန်အဟုန် ပြင်းပြင်းနဲ့ ဖိအားပေး ကစားတဲ့ ပုံစံ) အသင်း အနေဖြင့် ပြန်လည် သွားစေချင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဆလော့တ်ရဲ့ နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေသူ ကတော့ ဘုန်းမောက်ကို ၂၀၂၅-၂၆ ရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အန်ဒိုနီ အိုင်ရာအိုလာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး သူတို့ရဲ့ ထိပ်တန်းလိဂ် သမိုင်းတစ်လျှောက် အမြင့်မားဆုံး ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သလို ရာသီပိတ်ခါနီးမှာ ၁၈ ပွဲ ဆက်တိုက် မရှုံးနိမ့်တဲ့ စံချိန် (၈ ပွဲနိုင်၊ ၁၀ ပွဲသရေ) ကိုလည်း တင်ရှိခဲ့ပါတယ်။
ချန်ပီယံဆု မရရှိခဲ့တဲ့ အသင်းတွေထဲမှာ ရာသီပိတ်ခါနီး ယခုထက် ပိုမိုရှည်လျားသော မရှုံးနိမ့်တဲ့ စံချိန်တင်နိုင်ခဲ့တဲ့ အသင်းတွေ ကတော့ ချယ်လ်ဆီး (၂၀၀၇-၀၈ တွင် ၂၁ ပွဲဆက်) နဲ့ လစ်ဗာပူးလ် (၂၀၂၁-၂၂ တွင် ၁၉ ပွဲဆက်) တို့သာ ရှိပြီး အဆိုပါ အသင်း နှစ်သင်းစလုံးဟာ ဒုတိယနေရာနဲ့သာ ရာသီသိမ်းခဲ့ကြပါတယ်။
ဘုန်းမောက် ကနေ ထွက်ခွာတော့မယ့် မန်နေဂျာဟာ လစ်ဗာပူးလ် အတွက် သင့်တော်မယ့်သူ ဟုတ်မဟုတ် မေးမြန်းရာမှာ ဂျရတ်က အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ဖြစ်နိုင်ခြေရှိပါတယ်။ ဟုတ်ပါတယ်။ သူ ဘုန်းမောက်မှာ ထူးခြားပြောင်မြောက်တဲ့ အလုပ် တစ်ခုကို လုပ်ပြခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ ကစားဟန်က လစ်ဗာပူးလ်နဲ့ ကိုက်ညီပါလိမ့်မယ်။ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်။ လစ်ဗာပူးလ် ဆိုတာ ကမ္ဘာတစ်ဝှမ်းက ထိပ်သီး မန်နေဂျာ အများအပြား အတွက် ဆွဲဆောင်မှု ရှိတဲ့ အလုပ် တစ်ခု ဖြစ်လို့ ကမ်းလှမ်းမှု စာရင်းထဲမှာ သူတစ်ယောက်တည်း ရှိနေမှာတော့ မဟုတ်ပါဘူး။”
“ဒါပေမယ့် ဘုန်းမောက်နဲ့ ပတ်သက်မှု ရှိနေတာရယ်၊ ဘုန်းမောက် ကနေ လစ်ဗာပူးလ်ရဲ့ အုပ်ချုပ်မှုအဖွဲ့အဆင့်ဆီ ရောက်လာတဲ့သူတွေ ရှိနေတာရယ်ကြောင့် သူတို့တွေဟာ အိုင်ရာအိုလာကို အသေအချာ ကောင်းကောင်း သိကြပါလိမ့်မယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် မန်နေဂျာ ရာထူးကို လိုချင်ကြမယ့် တခြား နာမည်ကြီးတွေလည်း ရှိနေမှာ သေချာပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကမှာ အလွန်ကြီးမားတဲ့ ရာထူး တစ်ခုပါ။ ခင်ဗျားရဲ့ မေးခွန်းကို ဖြေရရင်တော့၊ ဖြစ်နိုင်ခြေအရ သူဟာ လစ်ဗာပူးလ်ရဲ့ မန်နေဂျာသစ် အဖြစ် ထည့်သွင်းစဉ်းစားခံရမယ့် စာရင်းထဲမှာ ရှိသင့်တယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


